သတိထားစရာ ဆိုရှယ်မီဒီယာပေါ်မှ influencer တွေရဲ့ စစ်ရေးသတင်းဖော်ပြမှုများ
ဒီဆောင်းပါးမှာတော့ ဆိုရှယ်မီဒီယာပေါ်မှာ influencer တွေရဲ့ စစ်ရေးသတင်းဖော်ပြကြတာတွေနဲ့ ပတ်သက်လို့ ဆင်ခြင်သတိထားကြဖို့ SIFT နည်းလမ်းကို မျှဝေထားပါတယ်။
ဆိုရှယ်မီဒီယာပေါ်မှာ influencer တွေရဲ့ စစ်ရေးသုံးသပ်ချက်တွေ၊ စစ်ရေးနဲ့ ပတ်သက်ပြီးတော့ သတင်းအချက်အလက်တွေပေးတဲ့ ပို့်စ်တွေကို အခုနောက်ပိုင်းမှာ အတော်များများ သတိထားမိကြမှာပါ။
တစ်ခါတစ်လေမှာ စစ်ရေးနဲ့ ပတ်သက်ပြီး မှန်ကန်တွေသတင်းအချက်အလက်တွေပါပေမယ့်လည်း တစ်ခါတစ်လေမှာတော့ မြေပြင်အချက်အလက်တွေနဲ့ ကွဲလွဲမှုတွေ၊ ချဲ့ထွင်ပြီး ရေးသားထားတဲ့ ပို့စ်တွေလည်း ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတာကို တွေ့ရတတ်ပါတယ်။
စစ်ရေးနဲ့ ပတ်သက်ပြီးတော့ မှန်ကန်တဲ့ အချက်အလက်တွေဟာ ပြည်သူလူထုကို ထိခိုက်မှုမရှိပေမယ့်လည်း၊ မှားယွင်းပြီးတော့ ဖော်ပြမိတဲ့ အကြောင်းအရာတွေ၊ ချဲ့ထွင်ရေးသားထားတဲ့ အချက်အလက်တွေကတော့ မြေပြင်မှာရှိတဲ့ ပြည်သူတွေ၊ စစ်ဘေးရှောင်တွေနဲ့ ဒေသခံတွေအပေါ်မှာ ပြင်းထန်တဲ့ ထိခိုက်မှုတွေကို ဖြစ်စေနိုင်ပါတယ်။
တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာမှာ စခန်းတွေ မြို့တွေကို တော်လှန်ရေးအဖွဲ့တွေက သိမ်းပိုက်မှုမရှိဘဲ ဆိုရှယ်မီဒီယာပေါ်မှာ ဘယ်မြို့ကို သိမ်းလိုက်ပြီ၊ ဘယ်စခန်းကို သိမ်းလိုက်ပြီစတဲ့ ပို့စ်တွေ ပျံ့နေပြီဆိုရင်တော့ ဒီပို့်စ်တွေဟာ ဒေသတွင်းမှာရှိတဲ့ ပြည်သူတွေအတွက် အန္တရာယ်ကို ဖိတ်ခေါ်နေတဲ့ အချက်ပြ ခေါင်းလောင်းဖြစ်နေတတ်ပါတယ်။
သက်ဆိုင်ရာအဖွဲ့အစည်းတွေဖက်ကနေ အတိအလင်း ထုတ်ပြန်တာမျိုးတွေမရှိပဲ ဇဝေဇဝါဖြစ်စေတဲ့ ပို့စ်တွေဟာ ပြည်သူတွေကို သတင်းအချက်အလက်အမှားပေးသလိုဖြစ်ပြီးတော့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေနဲ့ စစ်ကောင်စီအတွက်လည်း ဝါဒဖြန့်ဖို့အတွက် အထောက်အကူဖြစ်စေတာကိုလည်း သတိချပ်ဖို့ လိုအပ်ပါတယ်။
တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာ ဖုန်း၊ အင်တာနက် ဆက်သွယ်ရေးကွန်ရက်တွေကိုလည်း စစ်ကောင်စီဖက်ကနေ ဖြတ်တောက်ထားတာဖြစ်လို့ ပြည်သူတွေမှာ သတင်းအချက်အလက်စီးဆင်းမှုနဲ့ သတင်းရရှိမှုနှုန်းဟာ နှေးကွေးလျက်ရှိပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း သတင်းတုသတင်းမှားဆိုတာကို သေချာစီစစ်ဖို့ ခက်ခဲတာကြောင့် ဆိုရှယ်မီဒီယာပေါ်မှ သတင်းအချက်အလက်တွေကိုလည်း လွယ်လွယ်ကူကူနဲ့ ယုံတတ်ကြပါတယ်။
စစ်ရေးသတင်းနဲ့ ပတ်သက်လာရင် သက်ဆိုင်ရာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်ကို စောင့်ပြီးမှ အတည်ပြုတာကတော့ အကောင်းဆုံးနည်းလမ်းပါ။ ဆိုရှယ်မီဒီယာပေါ်က influencer တွေ တင်သမျှ ပို့စ်တွေတိုင်းဟာလည်း အမှန်မဟုတ်တာကို သိရှိထားဖို့ လိုအပ်ပါတယ်။
သတင်းအချက်အလက်တွေ ပျံ့နှံ့နေတာ မှန်ကန်မှုရှိမရှိ မသေချာသေးရင် SIFT လို့ခေါ်တဲ့ နည်းလမ်းကို သုံးပြီးတော့ ကျွန်တော်တို့ လုပ်ကြည့်နိုင်ပါတယ်။
Stop(S) - မရေရာမသေချာသေးတဲ့ စစ်ရေးသတင်းတွေ အခြေအမြစ်မရှိတဲ့ သတင်းအချက်အလက်တွေကို ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတာကိုမြင်ရင် Like Share Comment ပေးတာမျိုး၊ အခြားတစ်ယောက်ယောက်ကို မျှဝေတာမျိုးမလုပ်ပဲနဲ့ လျှစ်လျှုရှုပြီးတော့ ထားလိုက်ပါ။
Investigate the Source (I) - ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့နေတဲ့ ပို့စ်တွေ၊ သတင်းတွေဟာ မှန်ကန်မှုရှိမရှိ သတင်းရင်းမြစ်ကို သေသေချာချာစုံစမ်းဖို့တော့ လိုအပ်ပါတယ်။ စစ်ရေးသတင်းအချက်အလက်တွေကို ဘယ်သူတွေက ပြောတာလည်း၊ သက်ဆိုင်ရာအဖွဲ့အစည်းက တာဝန်ရှိသူလား ပြင်ပမှာရှိတဲ့ influencer က ပြောတာလားဆိုတာကို သေချာလေးသိထားဖို့လိုအပ်ပါတယ်။
Find Better Coverage (F) - ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေတဲ့ပို့စ်တွေကို လွှမ်းခြုံပြီးတော့ ဘယ်နေရာတွေမှာ ဖြစ်တာလည်း သတင်းဌာနတွေမှာ အတည်ပြုထားတာရှိလား၊ သက်ဆိုင်ရာအဖွဲ့အစည်းတွေက အတည်ပြုထားလားဆိုတာကို သေသေချာချာလေး စီစစ်ဖို့တော့ လိုအပ်ပါတယ်။
Trace the Claims to the Original Source (T) - မူရင်းသတင်းရင်းမြစ်ကို ခြေရာခံပါ။ ဘယ်သူပြောတာလည်း၊ ဘယ်သူကနေ အရင်စပြီးဖြန့်တာလည်း၊ ဖြန့်တဲ့သူက မြေပြင်မှာတစ်ကယ်ရှိတာလား၊ ကြားစကားနဲ့ တစ်ဆင့်ခံပြီး ဖြန့်တာလားဆိုတာကို စီစစ်ပြီးမှ ဆိုရှယ်မီဒီယာပေါ်က စစ်ရေးသတင်းအချက်အလက်တွေကို စီစစ်သင့်ပါတယ်။
ဒီ SIFT လို့ ခေါ်တဲ့ နည်းလမ်းကတော့ လွယ်ကူရိုးရှင်းပြီးတော့ ဖန်းတီးထားတဲ့ သတင်းတုသတင်းမှားတွေ အခြေအမြစ်မရှိတဲ့ ကောလဟာလတွေအပါအဝင် စစ်ရေးနဲ့ ပတ်သက်ပြီး တိကျမှု မရှိတဲ့ အချက်အလက်တွေ ပျံ့နှံ့နေတာကို ကိုယ်ကိုတိုင်ပါဝင်ပြီးတော့ ပူးပေါင်းဆောင်ရွက်လို့ရတဲ့ နည်းလမ်းလေးပါ။
တိကျသေချာမှုမရှိတဲ့ သတင်းတွေ၊ အချက်အလက်တွေ၊ ကောလဟာလတွေလို့ ယူဆရတဲ့ ပို့စ်တွေ ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နေပြီဆိုရင်လည်း သတင်းတုသတင်းမှားဟုတ်မဟုတ် အတည်ပြုနိုင်ဖို့ ကျွန်တော့်ကို ဆက်သွယ်ပြီးတော့ မေးမြန်းနိုင်ပါတယ်။


