ဂျင်းသတင်းတွေနဲ့ ငွေရှာလာကြသူများ
နည်းပညာနဲ့ နိုင်ငံရေးကို ရောပြီး လူအများစိတ်ဝင်စားစေတဲ့ အတင်းအဖျင်းကိစ္စတွေနဲ့ သတင်းတုသတင်းမှားတွေ ဖြန့်ပြီး ဝင်ငွေရှာလာကြတဲ့ Channel တွေ အကြောင်းကို ယခုဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။
ကျွန်တော်တို့ နေ့စဉ်လိုလို ထိတွေ့နေရတဲ့ ဆိုရှယ််မီဒီယာတွေမှာ သတင်းအချက်အလက်တွေ ထောင်သောင်းနဲ့ ချိီပြီးတော့ စီးဆင်းလျက်ရှိပါတယ်။ သတင်းအချက်အလက်တွေထဲမှာ မှန်ကန်တိကျတဲ့ အကြောင်းအရာတွေရှိသလို၊ မှန်ကန်တိကျမှုမရှိဘဲ လုပ်ကြံရေးသားထားတဲ့ သတင်းတုသတင်းမှားတွေဟာလည်း ဆိုရှယ်မီဒီယာတွေထက်မှာ ပျံ့နှံ့လျက်ရှိပါတယ်။
အခြားတစ်ဖက်မှာလည်း ဆိုရှယ်မီဒီယာရဲ့ လွှမ်းမိုးမှုအားကောင်းလာတာနဲ့အမျှ ဆိုရှယ်မီဒီယာပေါ်ကနေ ဝင်ငွေရှာပြီး ရပ်တည်လာကြတာဟာ ဒီနေ့ခေတ်မှာ ရေပန်းစားလာကြပါတယ်။
ဒီလို ဆိုရှယ်မီဒီယာပေါ်ကနေ ဝင်ငွေရှာကြတဲ့အထဲမှာ ကိုယ်ပိုင်ဖန်တီးမှုကို အသုံးပြုပြီးတော့ ဝင်ငွေရှာကြသူတွေ ရှိသလို၊ မသမာတဲ့ နည်းလမ်းတွေကို သုံးပြီး ဝင်ငွေရှာလာကြတဲ့ လူတွေလည်း ရှိကြပါတယ်။
မသမာတဲ့ နည်းလမ်း သုံးပြီး ဝင်ငွေရှာကြသူတွေဟာ ယခင်ကတော့ Click bit တွေကနေ တစ်ဆင့် ဝင်ငွေရရှိတဲ့ နည်းကို အသုံးပြုခဲ့ကြပြီးတော့၊ ဒီနေ့ခေတ်မှာ AI နည်းပညာတွေပါ အသုံးချလာကြပြီး ဝင်ငွေရှာတဲ့ လမ်းကြောင်းပုံစံတွေဟာလည်း ယခင်ကနဲ့မတူတော့ဘဲ ပြောင်းလဲလာပါတယ်။
AI နဲ့ ဖန်တီးထားတဲ့ ဓာတ်ပုံ ဗီဒီယိုတွေကို၊ လတ်တလော ဖြစ်ပျက်နေတဲ့ နိုင်ငံရေး၊ လူမှုရေး အခင်းအကျင်းတွေနဲ့ ဆက်စပ်ပြီး အမှားတစ်ဝက် အမှန်တစ်ဝက်ရောပြီး လူကြည့်ရှုမှုများအောင် လိုသလိုပုံဖော် ရေးသားတဲ့နည်းကို အသုံးပြုပြီး ဆိုရှယ်မီဒီယာပေါ်က ဝင်ငွေရှာလာကြပါတယ်။
ဒီလို သတင်းတုသတင်းမှားတွေကို ဖြန့်ပြီး ဝင်ငွေရရှိအောင် ဖြန့်ချိတာဟာ သတင်းဂေဟစနစ်ကိုပါ ထိခိုက်စေပြီးတော့ ဆိုရှယ်မီဒီယာကို အသုံးပြုတဲ့ ပြည်သူတွေအနေနဲ့လည်း ဘယ်သတင်းက အမှန်၊ ဘယ်သတင်းက အမှားဆိုပြီး ခွဲခြားအတွက် ဝေခွဲရ ခက်ခဲစေနိုင်ပြီး လူမှုဘဝတွေကိုပါ ထိခိုက်လာစေတာပါ။
အခြားတစ်ဖက်မှာလည်း တော်လှန်ရေး၊ နိုင်ငံရေးနဲ့ ဆက်စပ်နေတဲ့ အရေးအရာကိစ္စတွေမှာ လူကြိုက်များတဲ့ အကြောင်းတွေ၊ နိုင်ငံရေးသမားတွေရဲ့ တကိုယ်ရည်စာ အချက်အလက်တွေကိုပါ မှန်ကန်တိကျမှုမရှိဘဲ အများစု ခံစားချက်ကို ဦးစားပေးတဲ့ content တွေ၊ ကြည့်ရှုသူကိုဆွဲဆောင်နိုင်မယ့် content တွေကို လိမ်လည်လှည့်ဖျားတဲ့ နည်းလမ်းတွေနဲ့ ဖြန့်လာကြပြီးတော့ ပြည်သူတွေရဲ့ အတွေးအခေါ်တွေကို ဝေဝါးအောင် ပြုလုပ်လာကြတာကို တွေ့ရပါတယ်။
အထက်ကဆိုခဲ့သလို ဆိုရှယ်မီဒီယာပလက်ဖောင်းတွေပေါ်မှာ The Daily Lens၊ Mandalay Khit Thit နဲ့ Khit Thit Media စတဲ့ သတင်းမီီဒီယာအဆောင်ဆောင် YouTube ချန်နယ်တွေဟာ နေ့စဉ်ဆိုသလို သတင်းတုသတင်းမှားတွေကို ဆိုရှယ်မီဒီယာပေါင်းစုံမှာ ချိတ်ဆက်ဖြန့်ပြီးတော့ ဝင်ငွေရှာတဲ့ လမ်းကြောင်းကို ပေါ်ပေါ်ထင်ထင် အသုံးပြုတာကို တွေ့ရပါတယ်။
Youtube မှာ Subscribers 1K နဲ့ ကြည့်ရှုချိန် ၄၀၀၀ နာရီ အထက်မှာရှိရင် content monetization ရတာကြောင့် ဒီချန်နယ်တွေဟာ လူကြည့်ရှုများစေဖို့နဲ့ ဝင်ငွေလမ်းကြောင်း ရရှိအောင် သတင်းဌာနတွေရဲ့ သတင်းတင်ဆက်တဲ့ ပုံစံတွေလို တုပပြီး နေ့စဉ်ဆိုသလို သတင်းတုသတင်းမှားတွေကို ဖြန့်ချိနေတာပါ။
The Daily Lens YouTube Channel အပြည့်အစုံ
Youtube မှာ subscribers 911000 ကျော်ရှိတဲ့ The Daily Lens ချန်နယ်ကို Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ အများစုဟာ သတင်းတုသတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်နေတာကို တွေ့ရပြီးတော့ ဒီချန်နယ်ကနေ ဖြန့်ထားတဲ့ သတင်းတုသတင်းမှားတွေကိုလည်း စိစစ်နိုင်ခဲ့ပါတယ်။
The Daily Lens ကနေ ဖြန့်ထားတဲ့ ပို့စ်ကို Akyab Post ကနေ စစ်ဆေးထားသော Fact Check ကို ဖတ်ရန် ဒီနေရာနဲ့ ဒီနေရာတွေမှာကြည့်ပါ
ဒါ့အပြင် ခေတ်သစ်သတင်းဌာနကို တုပထားတဲ့ Mandalay Khit Thit နဲ့ Khit Thit Media YouTube ချန်နယ်တွေဟာလည်း YouTube တစ်ခုတည်းမှာပဲ ဖြန့်တာမျိုးမဟုတ်ဘဲ အခြားဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာပါ သတင်းတုသတင်းမှားတွေနဲ့ လုပ်ကြံဖန်တီးထားတဲ့ ဗီဒီယိုတွေကို ချိတ်ဆက်ပြီး ဖြန့်နေတာကို တွေ့ရပါတယ်။
Mandalay Khit Thit YouTube Channel Khit Thit Media YouTube Channel အတု
လက်ရှိ မြန်မာပြည်တွင်းမှာ စစ်ကောင်စီက ကျင်းပနေတဲ့ ရွေးကောက်ပွဲမှာလည်း AI နဲ့ ဖန်တီးထားတဲ့ သတင်းတုသတင်းမှား ဗီဒီယိုတွေကို စဉ်ဆက်မပြတ်ဖြန့်ခဲ့ပြီးတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွင်းမှာ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ လွတ််မြောက်လာပြီိဆိုတဲ့ အကြောင်းအရာတွေကို ဖြန့်ခဲ့တာကို တွေ့ရပါတယ်။
ဒီချန်နယ်တွေကနေ ဖြန့်ထားတဲ့ ပို့စ်တွေကို စိစစ်ကြည့်ရင် ရန်ကုန်မန္တလေးလို မြို့ကြီးတွေမှာအရေးပေါ်ဖြစ်နေပြီဆိုတဲ့ အကြောင်းအရာတွေ၊ အာဏာသိမ်းစစ်အုပ်စုရဲ့ ခေါင်းဆောင်တွေ အသက်သေဆုံးပြီဆိုတဲ့ အကြောင်းအရာတွေ၊ နိုင်ငံတကာကနေ မြန်မာနိုင်ငံကို ဝင်သိမ်းဖို့ လုပ်နေပြီဆိုတဲ့ အကြောင်းအရာတွေကို စဉ်ဆက်မပြတ်ဖြန့်နေခဲ့တာကို တွေ့ရပါတယ်။
ဖြန့်ထားတဲ့ ပို့စ်တွေရဲ့ ဗီဒီယိုတွေကို စိစစ်ကြည့်တဲ့အခါမှာလည်း မဟုတ်မမှန်တဲ့ အချက်အလက်တွေ၊ တိကျသေချာမှုမရှိတဲ့ သတင်းတွေကို ခေါင်းစဉ်နဲ့ စာသားလွှဲအောင် ဖော်ပြထားကြပြီးတော့ အများပြည်သူကို အထင်အမြင်လွှဲမှားအောင် ပုံမှားရိုက်ဝါဒဖြန့်နေတာကို တွေ့ရပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ စစ်တပ်ကနေ အာဏာသိမ်းမှုဖြစ်စဉ်ကြောင့် စစ်အုပ်စုပြုတ်ကျဖို့ ပြည်သူတွေဟာ တော်လှန်ရေးကို ဆက်လက်ကွဲစွဲလျက်ရှိပြီးတော့ တော်လှန်ရေးကို အသုံးချပြီး သတင်းတုသတင်းမှားဖြန့်တဲ့သူတွေဟာလည်း ပိုများလာတာပါ။
သတင်းတုသတင်းမှားတွေကို တွေ့တဲ့အခါမှာလည်း ပြည်သူတွေအနေနဲ့ အလွယ်တကူ မယုံကြည်ကြဖို့နဲ့ စစ်ဆေးပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
အခြေအမြစ်မရှိတဲ့ ပို့စ်တွေကို reaction ပေးလိုက်တာ ထပ်ဆင့်ပြီး ဖြန့်ဝေလိုက်တာကြောင့် သတင်းတုသတင်းမှား ပျံ့နှံ့မှုဟာ ပိုပျံ့သွားနိုင်ပြီး လူမှုဘဝတွေအပေါ်မှာလည်း ထိခိုက်မှုရှိနိုင်တာကြောင့် ပိုသတိထားဖို့လိုအပ်ပါတယ်။
စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။


