‘ငါမှန်-သူမှား’ အမြင်နှင့် ရိုဟင်ဂျာအရေး ဇာတ်ကြောင်းပုံဖော်မှုများ
ဒီအပတ်ထဲ ISP Column မှာ ကျွန်တော်ရေးထားတဲ့ ဆောင်းပါးပါ။ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး ပုံဖော်လာကြတဲ့ ဇာတ်ကြောင်းတွေကို ဆင်ခြင်ဖို့ တွေးတောဖို့ မျှဝေလိုက်ပါတယ်။
ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ရင် ရခိုင်တွေဟာ စစ်အုပ်စုနဲ့ သဘောထားအတူတူပဲဆိုတဲ့ စကားတွေ၊ မှတ်ချက်တွေက အခုနောက်ပိုင်း ဆိုရှယ်မီဒီယာတွေ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေအပါအဝင် အကယ်ဒမစ်အသိုင်းအဝိုင်းတွေကြားမှာပါ အမြဲလိုလိုကြားလာရတဲ့ စကားလုံးတွေပါ။ ရိုဟင်ဂျာအမှတ်လက္ခဏာကို အမွှမ်းတင်ဖို့အတွက် ဘယ်အခြေအနေမှာမဆို ရိုဟင်ဂျာတွေဟာ နစ်နာသူဖြစ်တယ်ဆိုတဲ့ ပုံသွင်းဇာတ်ကြောင်းတွေကို ဒီဘက်ခေတ် ပညာရပ်ပိုင်းဆိုင်ရာနယ်ပယ်တွေနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေမှာပါ ပိုအသားပေး ဖော်ပြလာကြတာကို တွေ့လာရပါတယ်။
ရိုဟင်ဂျာတွေဟာ ကာလကြာရှည် ဖိနှိပ်ခံလာရတဲ့ လူမျိုးတမျိုးဖြစ်တယ်ဆိုတာ ငြင်းမရပါဘူး။ ဒါပေမဲ့လည်း ရိုဟင်ဂျာအရေးကိစ္စကို ပြောဆိုကြတဲ့အခါ ရခိုင်ဒေသရဲ့ သမိုင်းကြောင်းဆိုင်ရာ၊ လူမျိုးရေး၊ ဘာသာရေးဆိုင်ရာ၊ နောက်ခံအကြောင်းအရာတွေရဲ့ ရောထွေးယှက်တင် ဖြစ်တည်မှုတွေကို ထည့်သွင်းမစဉ်းစားဘဲ လူ့အခွင့်အရေးစံနှုန်းတခုတည်းနဲ့ ဆုံးဖြတ်နေကြတာတွေကတော့ မမျှတမှုတွေနဲ့ တင်းမာမှုတွေကို ပိုတိုးလာစေပါတယ်။ ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါမှာ တဖက်သတ်အမြင်ကနေ ငါမှန်တယ်၊ သူမှားတယ်ဆိုတဲ့ အဖြူ-အမည်း အမြင်မျိုးဟာ ကျဉ်းမြောင်းတဲ့ ဖြေရှင်းနည်းဖြစ်ပြီးတော့ ပဋိပက္ခကိုလည်း ပိုကျယ်ပြန့်စေပါတယ်။
ဒီနေရာမှာ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူတွေရဲ့ moral disengagement နဲ့ moral amplification ဟာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။ အာဏာမသိမ်းခင် စစ်အုပ်စုကနေ ရိုဟင်ဂျာတွေအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ကျူးလွန်မှုတွေအပေါ်မှာ အသံတိတ်နေခဲ့ကြတဲ့ မြန်မာ့တက်ကြွလှုပ်ရှားသူတွေအကြားမှာလည်း အသံထွက်မပေးနိုင်ခဲ့ဘူးဆိုတဲ့ အပြစ်ရှိစိတ် (moral guilt) ရှိနေတာကြောင့် အခုတော်လှန်ရေးကာလမှာတော့ ရိုဟင်ဂျာတွေရဲ့ နစ်နာမှုအပေါ်မှာ ပိုပြီးကျယ်ကျယ်လောင်လောင် အသံထွက်ပေးမယ်ဆိုတဲ့ ယူဆချက်ဟာ ကြီးစိုးလာပါတယ်။
အတိတ်မှာ ဖြစ်ခဲ့တဲ့ နစ်နာမှုတွေကြောင့် ပစ္စပ္ပုန်ကာလမှာ နစ်နာသူတွေ ပြုလုပ်တဲ့ အပြုအမှုတိုင်းဟာ အမြဲတမ်းမှန်ကန်တယ်ဆိုတဲ့ တရားသေယူဆချက််တွေကို အခြေခံပြီး ရခိုင်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေကြားက အငြင်းပွားဖွယ်ရာကိစ္စရပ်တွေကို ဆန်းစစ်ဆင်ခြင်မှု လုံလုံလောက်လောက် မထည့်ဝင်ဘဲနဲ့ ဒိုနာအေဂျင်စီတွေအကြိုက် အသံထွက်ပေးတာဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးကို ဘေးဥပါဒ် ဖြစ်စေပါတယ်။
မိမိတို့ယဉ်ကျေးမှု၊ မိမိတို့ဘာသာစကားနဲ့ အမှတ်အသားလက္ခဏာကို ဖော်ထုတ်တာဟာ ယဉ်ကျေးမှုရှိတဲ့ လူ့အဖွဲ့အစည်းတွေရဲ့ စရိုက်လက္ခဏာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတွေအနေနဲ့ ရိုဟင်ဂျာအရေးလှုပ်ရှားမှုတွေမှာ အကိုးအကား ခိုင်လုံတဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေအပေါ် အခြေမခံဘဲ အငြင်းပွားဖွယ်ရာ အမှတ်အသားလက္ခဏာတွေ၊ သမိုင်းဆိုင်ရာ အချက်အလက်တွေ၊ ယဉ်ကျေးမှု သရုပ်လက္ခဏာတွေကို ရိုဟင်ဂျာအမှတ်အသားလက္ခဏာတခုလို ဖန်တီးပြီး ရိုဟင်ဂျာမှု ပြုတာတွေ၊ အကျိုးစီးပွားအတွက် ရိုဟင်ဂျာနာမည်ကို အသုံးချလာတာတွေကိုတော့ ကျနော်တို့အနေနဲ့ လျစ်လျူမရှုသင့်ဘူးလို့ မြင်ပါတယ်။
ဒါ့အပြင် တိကျခိုင်မာမှုမရှိဘဲ အငြင်းပွားစရာအမှတ်အသားနဲ့ ယဉ်ကျေးမှု သရုပ်လက္ခဏာတွေကို ရိုဟင်ဂျာဖြစ်ခြင်းထဲ ပေါင်းထည့်တာဟာ မတူကွဲပြားမှုကို ထိခိုက်စေသလို ရေရှည်မှာ အတူယှဉ်တွဲနေထိုင်ရေးအတွက်လည်း အမုန်းပွားစေနိုင်တဲ့ ကိစ္စရပ်တွေ ဖြစ်စေနိုင်ပါတယ်။ ကိုယ့်ယဉ်ကျေးမှု၊ သရုပ်လက္ခဏာကို တည်ဆောက်ရင်း အခြားလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေကို ဘေးဖယ်ထုတ်တာ၊ cultural hegemony လုပ်တာတွေဟာ လူမှုပေါင်းစည်းရေးလုပ်ငန်းတွေမှာ အနုတ်လက္ခဏာ သက်ရောက်မှုဖြစ်စေပါတယ်။
သိသာထင်ရှားတဲ့ နမူနာတခုအနေနဲ့ မန္တလေးမဟာမြတ်မုနိမှာရှိတဲ့ ခမာကြေးရုပ်ထုတွေဟာ ရိုဟင်ဂျာလူမျိုးတွေကို ထုလုပ်ထားတာဖြစ်တယ်ဆိုပြီး ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ မဝေဝေနုက သူ့ရဲဲ့ ဆိုရှယ်မီဒီယာအကောင့်မှာ တင်ထားခဲ့တဲ့ ပို့စ်ဟာ သမိုင်းအချက်အလက်အပေါ် အခြေမခံဘဲ ယူဆချက် (assumption) တခုတည်းနဲ့ အခြားလူမျိုးတွေရဲ့ သမိုင်းကြောင်းဆိုင်ရာ အမှတ်သရုပ်ကို မျက်ကွယ်ပြုရာ ရောက်သွားစေပါတယ်။ တဖက်မှာ ဒါဟာ ယူဆချက်တခုတည်းနဲ့ သမိုင်းမှန်ကို ဖျောက်ဖျက်ဖို့ ကြိုးစားတဲ့ ရိုဟင်ဂျာပြုခြင်း ဖြစ်စဉ်တခုပါပဲ။ ဒီလိုဖြစ်စဉ်တွေ၊ တနည်းဆိုရရင် အချက်အလက်အပေါ် အခြေမခံထားတဲ့ ဇာတ်ကြောင်းတွေ အများအပြား ကျန်ရှိနေပါသေးတယ်။
ကျနော်တို့ လူ့အဖွဲ့အစည်းမှာ အယူအဆတခုတည်းကို အခြေခံပြီး တဖက်ဖက်ကို အသားပေးလိုက်ရင် အခြားတဖက်ကို ဖိနှိပ်သလို ဖြစ်သွားလေ့ရှိပါတယ်။ ဒါကြောင့်လည်း လူ့အခွင့်အရေးစံနှုန်းတွေအရ နစ်နာသူတွေအတွက် ထုတ်ဖော်ပြောဆိုတာဟာ လူသားတိုင်းရဲ့ လွတ်လပ်ခွင့်တခုဆိုပေမဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို အသုံးချပြီးတော့ သမိုင်းကြောင်းဆိုင်ရာတွေ၊ လူမှုရေးကျင့်ဝတ်တွေနဲ့ ရိုးရာယဉ်ကျေးမှုတွေကို ဖျောက်ဖျက်ပစ်ဖို့ ကြိုးစားလာတာဟာ ငြိမ်းချမ်းရေးကို သွားတဲ့ လမ်းစဉ်မျိုးမဟုတ်ဘဲ ပဋိပက္ခဖြစ်လာစေဖို့ အမုန်းစကားတွေနဲ့ မီးစာထည့်ရာ ရောက်ပါတယ်။ ကိုင်စွဲထားတဲ့ ယူဆချက်တွေ၊ ဝိဝါဒ ကွဲပြားမှုတွေ၊ မတူညီတဲ့ ဇာတ်ကြောင်းတွေရဲ့ တွန်းတိုက်မှုတွေကြားမှာ နစ်နာရသူတွေဟာ အာဏာရှိလူတန်းစားတွေ မဟုတ်ကြဘဲ အာဏာမဲ့တဲ့ အောက်ခြေလူတန်းစားတွေ၊ အရပ်သားတွေ ဖြစ်တယ်ဆိုတာကို သတိချပ်ကြဖို့ လိုအပ်ပါတယ်။
လက်ရှိနိုင်ငံရေးအခင်းအကျင်းတွေကြားမှာ ရခိုင်နဲ့ ရိုဟင်ဂျာ နှစ်ဖက်အင်အားစုတွေကြားမှာရှိတဲ့ တင်းအား (tension) ကို လျှော့ချဖို့၊ ဖြေရှင်းဖို့အတွက် နှစ်ဖက်စလုံးက ကြိုးစားမှုမရှိဘဲ အယူအဆတခုတည်းကိုပဲ တွန်းတင်လွန်းရင် ရခိုင်ဒေသမှာ လူမျိူးရေး ပဋိပက္ခမီးတောက်တွေကို ဆက်မြင်လာရဦးမှာပါ။
ရခိုင်နဲ့ မြန်မာအရေးလေ့လာသူတဦးဖြစ်တဲ့ Martin Smith က သူ့ရဲ့ ‘Arakan (Rakhine State): A Land in Conflict on Myanmar’s Western Frontier’ အစီရင်ခံစာမှာ “ရခိုင်ဒေသရဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက်ဆိုရင် လူသားအားလုံးရဲ့ အခြေခံလူ့အခွင့်အရေး ညီမျှစွာရပိုင်ခွင့်ကို အာမခံနိုင်ဖို့ လိုပါတယ်။ ဒီလိုအာမခံချက်မပေးနိုင်ရင်တော့ ပဋိပက္ခတွေရဲ့ ရေသောက်မြစ်ကို ကုစားနိုင်ဖို့ လမ်းစတွေမမြင်မိသေးပါဘူး။ ရခိုင်ဒေသဟာ ခက်ခဲတဲ့နှစ်ကာလတွေကို ထပ်ပြီးဖြတ်သန်းရဦးမှာပါ။ ရခိုင်၊ ရိုဟင်ဂျာ၊ ချင်း၊ ကမန်၊ မြိုနဲ့ အခြားလူမျိုးစုတွေအပါအဝင် ဒေသခံတွေအားလုံးဟာ ဆင်းရဲဒုက္ခကြုံလာရတာ နှစ်ပေါင်းကြာရှည်နေပါပြီ။ ရခိုင်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လူမျိုးစုအချင်းချင်းအကြားမှာ ပေါင်းကူးတံတားတွေ လိုအပ်ပါတယ်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လိုအပ်ပါတယ်။ လူ့အခွင့်အရေးနဲ့ တရားမျှတမှုကို အခြေခံပြီးတော့ ဒေသခံတွေရဲ့ အကျပ်အတည်းကို ဖြေရှင်းမှရနိုင်ပါလိမ့်မယ်” လို့ ရေးထားပါတယ်။
Martin Smith ရဲ့ စကားကို ပြန်ကြည့်ရင် ရခိုင်မှာဖြစ်နေတဲ့ လူမျိုးရေးပဋိပက္ခတွေကို ဖြေရှင်းဖို့အတွက်ဆို လူမျိုးစုအချင်းချင်းအကြားမှာ ကူးလူးဆက်ဆံမယ့် ပေါင်းကူးတံတားတွေကို လိုအပ်ပါတယ်။ ဒီလိုပေါင်းကူးတံတားဟာ အာဏာပိုင်တွေကနေ လုပ်ဆောင်တဲ့ ဟန်ပြဆက်ဆံရေးမျိုး၊ ဒိုနာတွေအကြိုက်လုပ်ရတာမျိုး မဟုတ်ပါဘူး။ အရပ်သားပြည်သူတွေအကြား မြေပြင်မှာ တဖက်နဲ့တဖက် ပူးပေါင်းပြီး ရပ်ရွာအစုအဖွဲ့တွေကနေ ကူးလူးဆက်ဆံတဲ့ ရေရှည်တည်တံ့တဲ့ ပေါင်းကူးတံတားတွေကို ဆိုလိုတာပါ။
တဖက်နဲ့ တဖက်ကြားမှာ မတူညီတဲ့ ဇာတ်ကြောင်းတွေကို အမွှမ်းတင်ပြီး တိုက်ခိုက်နေသမျှတော့ ပဋိပက္ခတွေ ကြာရှည်နေဦးမှာ ဖြစ်ပြီး လူမှုသဟဇာတဖြစ်ရေးဟာလည်း လုံးပါးပါးနေဦးမှာပါ။ ဒါကြောင့် ရခိုင်တွေကရော အနာဂတ်မှာ ဘယ်ဇာတ်ကြောင်းနောက်ကို လိုက်မလဲ၊ ရိုဟင်ဂျာတွေကရော ဘယ်ဇာတ်ကြောင်းကို ဖန်တီးမလဲဆိုတဲ့ မေးခွန်းဟာ ရခိုင်ဒေသရဲ့ လူမျိုးရေး ပဋိပက္ခနဲ့ ဆက်စပ်နေတာမို့ သမိုင်းကို တဖက်တည်းကနေ မရေးဖို့၊ ဘက်ပေါင်းစုံအမြင်နဲ့ ချဉ်းကပ်ဖို့ လိုအပ်ပါတယ်။


