ရေကြီးရေလျှံမှုကို ဘာဆေးနဲ့ကုမလဲ
ဒီဆောင်းပါးမှာတော့ ရေကြီးရေလျှံမှုကို ဖြစ်စေတဲ့ နောက်ကွယ်က အကြောင်းအရင်း၊ ရေကြီးမှုရဲ့ အကျိုးဆက်တွေ အပါအဝင် ရေကြီးမှုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းပေးမလဲဆိုတဲ့ အကြောင်းအရာတွေကို ဖတ်ရှုရမှာပါ။
လက်ရှိ ကမ္ဘာကြီးရဲ့ နေရာဒေသတိုင်းဟာ သဘာဝဘေးအန္တရာယ်တွေရဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ နိုင်ငံတိုင်းနီးပါးမှာ သဘာဝဘေးအန္တရာယ်ဖြစ်ပွားမှု အကြိမ်အရေအတွက် တိုးပွားလာပြီးတော့ လူမှုဘဝပျက်စီးဆုံးရှံးမှု တန်ဖိုးဟာလည်း ပိုကြီးလာပါတယ်။
သဘာဝဘေးအန္တရာယ်ကျရောက်မှု အကြိမ်အရေအတွက်ပမာဏ တိုးလာပေမဲ့လည်း ဘေးအန္တရာယ်တွေကို ဖြစ်စေတဲ့ နောက်ကွယ်က အကြောင်းအရင်းတွေကိုတော့ ကျွန်တော်တို့တွေ မျက်ကွယ်ပြုထားကြဆဲပါ။
အထူးသဖြင့် သဘာဝဘေးအန္တရာယ်တွေကို ဖြစ်ပေါ်စေတဲ့ ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ ဂေဟစနစ် ပျက်စီးယိုယွင်းမှု အပါအဝင် သဘာဝသယံဇာတ အလွန်အကျွံထုတ်ယူမှုလို ကိစ္စရပ်ကြီးတွေကိုတော့ သိသိလျက်နဲ့တင် ယနေ့ထက်ထိ ပြုလုပ်နေကြဆဲပါ။
လက်ရှိ မြန်မာနိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေကြောင့် ထိခိုက်မှု အများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၁ အာဏာသိမ်းမှုနောက်ဆက်တွဲမှာလည်း တစ်နိုင်ငံလုံးအနဲ့ တိုက်ပွဲဖြစ်ပွားမှု၊ လူမှုစီးပွားရေးကျဆင်းမှု၊ နေရပ်စွန့်ခွာရမှုတွေကြောင့် နောက်ထပ် ကြုံလာရမဲ့ သဘာဝဘေးအန္တရာယ်သစ်တွေအတွက် ကြိုတင်ပြင်ဆင်မှုနဲ့ စီမံခန့်ခွဲနိုင်မှုတွေဟာ တစ်နိုင်ငံလုံးအနှံ့မှာ နည်းပါးလွန်းပါတယ်။
ဒါ့အပြင် ငလျင်၊ ရေကြီးတာလို ဘေးအန္တရာယ်တွေကြောင့် ကြီးမားတဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံခဲ့ရပေမဲ့လည်း တစ်ဖက်မှာ ဘေးအန္တရာယ်တွေ နောက်တစ်ကြိမ် ပြန်မကျရောက်အောင် ပြုလုပ်တဲ့ ကြိုတင်ကာကွယ်ရေး အစီအမံတွေနဲ့ ဘေးအန္တရာယ်ကြုံရတဲ့ ပြည်သူတွေရဲ့ လူမှုဘဝပြန်လည်ထူထောင်ရေး အစီအမံတွေကတော့ လိုအပ်ချက် ရှိနေဆဲပါ။
တစ်ဖက်မှာ သဘာဝဘေးအန္တရာယ်တွေဟာ လူမှုအလွှာပေါင်းစုံကို ထိခိုက်စေတဲ့အပြင် ဆိုးကျိုးအများစုဟာလည်း လူမှုစီးပွားရေးအခြေအနေ နိမ့်ပါးတဲ့ လူ့အစုအဖွဲ့တွေအပေါ်မှာတော့ ပိုမိုပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုကို ဖြစ်စေပါတယ်။
မြန်မာနိုင်ငံမှာတော့ နှစ်စဉ်နှစ်တိုင်း မုတ်သုံရာသီရောက်တိုင်းမှာ နိုင်ငံတစ်ဝန်းလုံးနီးပါး ကြုံနေရတဲ့ ရေကြီးမှုဟာ နာတာရှည် သဘာဝဘေးအန္တရာယ် တစ်ခုလိုဖြစ်လာပါပြီ။ ရေကြီးရေလျှံတာကြောင့်ပဲ ပျက်စီးဆုံးရှံးမှုအများစုဟာ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြတဲ့ ကျေးလက်နေ ပြည်သူလူထုအတွက် ပြင်းထန်တဲ့ သက်ရောက်မှုကို ဖြစ်စေပါတယ်။
ခုလာမဲ့နှစ်တွေမှာ ကြုံလာရမဲ့ သဘာဝဘေးအန္တရာယ်တွေကြောင့်ပဲ မြန်မာနိုင်ငံရဲ့ တစ်နှစ်တာ GDP ၃ရာခိုင်နှုန်းကနေ ၅ ရာခိုင်နှုန်းအထိ ပျက်စီးဆုံးရှံးမှုပမာဏအထိ မြှင့်တက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ သုတေသနအညွန်းကိန်း အချက်အလက်တွေမှာ ဖော်ပြပါတယ်။
နောက်ကွယ်က လက်သည်တရားခံ
နှစ်တိုင်း မေလနောက်ဆုံးအပတ်ရောက်တိုင်း မြန်မာနိုင်ငံကို စတင်ပြီးဝင်ရောက်လေ့ရှိတဲ့ မုတ်သုံရာသီီဟာ ၂၀၀၅ ခုနှစ်မှ စတင်ပြီးတော့ ပုံမှန်ဝင်ရောက်လေ့ရှိတဲ့ အချိန်ထက် နောက်ကျမှ ဝင်လာလေ့ရှိတယ်လို့ မိုးလေဝသနဲ့ဇလဗေဒပညာရှင်ဖြစ်တဲ့ ဦးထွန်းလွင်က သူ့ရဲ့သုတေသနစာတမ်းတစ်ခုမှာ ဖော်ပြပါတယ်။
မုတ်သုံရာသီရောက်တိုင်း မိုးရွာသွန်းတဲ့ ရက်နဲ့ အကြိမ်အရေအတွက်ဟာ နည်းပါးလာပြီးတော့၊ မိုးရွာသွန်းရင်လည်း ပိုမိုပြင်းထန်သောနှုန်းနဲ့ ရွာလေ့ရှိတယ်လို့ ၂၀၂၁ ခုနှစ်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူထားတဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
ရွာသွန်းနိုင်တဲ့ ပမာဏထက် မိုးပိုရွာသွန်းတာကြောင့် ရေကြီးရေလျှံမှုကို ဖြစ်ပေါ်လာစေပါတယ်။ ဒါပေမဲ့လည်း မိုးရွာသွန်းမှုများပြားတာ တစ်ခုတည်းကြောင့်တော့ ရေကြီးရေလျှံမှုတွေ ဖြစ်လာတာ မဟုတ်ပါဘူး။ နောက်ကွယ်မှဦ အခြားဆက်စပ်နေတဲ့ အကြောင်းအရာတွေ ရှိနေပါသေးတယ်။
ရေကြီးရေလျှံမှုကို ဖြစ်စေတဲ့ နောက်ကွယ်မှာ အပူပိုင်းမိုးသစ်တောတွေနဲ့၊ ဒီရေတောတွေ အများအပြား ပြုန်းတီးတာတွေနဲ့ ဆက်စပ်နေပါတယ်။ ရေဓာတ်ကို စုပ်ယူပြီးတော့ ထိန်းသိမ်းထားနိုင်တဲ့ သမပိုင်းသစ်တောတွေ ပြုန်းတီးခြင်းက ရေကြီးရေလျှံမှုတွေ ပိုဖြစ်လာစေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
အပူပိုင်းမိုးသစ်တောတွေဟာ သဘာဝအလျောက် အစိုဓာတ်ကို စုပ်ယူပေးထားပြီးတော့ ရေကို မြေဆီလွှာမှာ ထိန်းသိမ်းပေးထားတာတဲ့အပြင် ပူပြင်းခြောက်သွေ့တဲ့ ရာသီမှာလည်း ရေကို ထုတ်ပေးပါတယ်။
ဒီရေတောတွေဟာလည်း ရေကြီးရေလျှံမှုကြောင့်ဖြစ်လာတဲ့ ကမ်းပါးပြိုခြင်း၊ ရေတိုက်စားခြင်းတွေကို ထိန်းသိမ်းပေးနိုင်တဲ့ သဘာဝအတားအဆီးတွေဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကုလားတန်မြစ်စီမံကိန်း အပါအဝင်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံမှု တွေကနေ ထွက်လာတဲ့ ဓာတုညစ်ညမ်းပစ္စည်းတွေနဲ့ ဆိပ်ကမ်း တိုးချဲ့ခြင်းက ရေထုအတွင်းမှာရှိတဲ့ ဂေဟစနစ်ကို ပျက်စီးစေပြီးတော့ ဒီရေတောတွေကိုပါ ပိုပြုန်းတီးလာစေပါတယ်။
တစ်ဖက်မှာ သစ်တောတွေပြုန်းတီးလာတာကြောင့် ရေကြီးရေလျှံမှုတွေကို ဖြစ်လာစေသလိုပဲ ဆည်ဆောက်တာ၊ မြစ်ချောင်းအင်းအိုင်တွေကို ထိန်းသိမ်းဖို့ ပျက်ကွက်တာတွေကြောင့်လည်း ရေကြီးရေလျှံမှုကို ဖြစ်လာစေပါတယ်။
ရခိုင်ဒေသမှာရှိတဲ့ မြစ်ချောင်းအင်းအိုင်အများစုမှာ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်း၊ တာတမံတွေတိုးချဲ့ခြင်း၊ စီးပွားရေးလုပ်ငန်းများတိုးချဲ့တာတွေကြောင့် တစ်စတစ်စနဲ့ တိမ်ကောလာပြီးတော့ မြစ်ချောင်းတွေမှာ ရေကြောင်းများကျဉ်းသွားစေပြီးတော့ ရေကြီးရေလျှံမှုဖြစ်လာစေဖို့ ပိုတွန်းအားဖြစ်လာစေပါတယ်။
ရေကြီးမှုရဲ့ အကျိုးဆက်
ရခိုင်ဒေသဟာ တည်နေရာအနေအထားအရ ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝဘေးအန္တရာယ် ရိုက်ခတ်မှုဒဏ်ကို ပြင်းထန်စွာခံနေရတဲ့ ဒေသတစ်ခုဖြစ်ပေမဲ့လည်း ပြည်သူတွေနဲ့ ဒေသခံတွေအများစုဟာ ပြောင်းလဲလာတဲ့ ရာသီဥတုအပေါ် ကြံ့ကြံ့ခိုင်နိုင်စွမ်း မရှိသေးပါဘူး။
အထူးသဖြင့် ဆင်းရဲမွဲတေမှု၊ ဖွံံ့ဖြိုးရေးအားနည်းမှု၊ ပညာရေးအားနည်းချက်တွေအပါအဝင် ပဋိပက္ခနဲ့ စစ်ပွဲတွေကြောင့် ရွေ့ပြောင်းနေထိုင်ရမှုအကျိုးဆက်တွေ ကြားထဲမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုရဲ့ နောက်ဆက်တွဲ ဘေးအန္တရာယ်ကျရောက်မှုအပေါ် ရခိုင်ပြည်သူတွေ ကျော်လွှားနိုင်စွမ်း မရှိကြတော့ပါဘူး။
ယခင်ကလည်း အဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်တဲ့ ရခိုင်ပြည်မှာ ဘေးအန္တရာယ်တစ်ခု ဖြစ်ပွားပြီးတိုင်း ဘေးအန္တရာယ်ကြုံရတဲ့ လူမှုအသိုင်းအဝိုင်းဟာ သဘာဝဘေးမတိုင်ခင်ရှိခဲ့တဲ့ ဖွံံံ့ဖြိုးရေးလမ်းကြောင်းကို ပြန်ရောက်ရှိဖို့ နှစ်ကာလရှည်အားယူရတတ်ပါတယ်။
ဒါပေမဲ့လည်း ပြန်လည် ဖွံံ့ဖြိုးရေးလမ်းကြောင်းပေါ်ဖို့ ရောက်ရှိရေးဟာ အလှမ်းဝေးကွာနေပြီးတော့ ဆင်းရဲမွဲတေမှု သံသရာချောက်ထဲမှာ ပိတ်မိနေကြကာ လူမှုစီးပွားရေးဟာလည်း ရှိရင်းစွဲထက် နိမ့်ကျသထက် နိမ့်ကျမှုတွေနဲ့ ကြုံနေကြရပါတယ်။
လက်ရှိရေကြီးရေလျှံမှုတွေကြောင့် ရခိုင်ဒေသက အဓိက မြစ်ကြီးတွေဖြစ်တဲ့ ကုလားတန်၊ လေးမြို့၊ မယူမြစ်တွေကနေ နှုန်းမြေတွေဟာ စစ်တွေမြစ်ဝှမ်းလွင်ပြင်ကို နှစ်တိုင်းလို ပို့ချနေတာကြောင့် မြစ်အထက်ပိုင်းတွေမှာ ရေကြောင်းသွားလာရေးအတွက် အခက်အခဲဖြစ်စေပြီးတော့ မြစ်ကျိုးအင်းများကိုပါ ဖြစ်စေပါတယ်။
တစ်ဖက်မှာလည်း ရေလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားပြီး လုပ်ကိုင်နေကြတဲ့ ရခိုင်ဒေသခံတွေအတွက် နှစ်စဉ်နှစ်တိုင်းရေကြီးရေလျှံမှုကြောင့် ပိုင်ဆိုင်မှုများဆုံးရှံးနေတာဟာ မေ့ချန်ထားလို့မရတဲ့ အရေးကိစ္စတစ်ခုဖြစ်လာပါတယ်။
ရေကြီးရေလျှံမှုကိုသာ ထိန်းသိမ်းကာကွယ်မှုမပြုလုပ်ဘူးဆိုပါက အနိမ့်ပိုင်းဒေသမှာရှိကြတဲ့ ဒေသခံတွေနဲ့ လူမှုစီးပွားရေးအခြေအနေ နိမ့်ပါးတဲ့ လူ့အစုအဖွဲ့တွေအပေါ်မှာတော့ ပိုမိုပြင်းထန်တဲ့ ထိခိုက်ပျက်စီးမှုကို ဖြစ်စေပါတယ်။
အထူးသဖြင့် စစ်ပွဲတွေကြောင့် ရွေ့ပြောင်းနေထိုင်နေရတဲ့ ဒေသခံတွေအပေါ်မှာ ပြင်းထန်တဲ့ သက်ရောက်မှုဖြစ်စေပြီးတော့ စိုက်ပျိုးမွေးမြူရေးကိုလုပ်ကိုင်နေကြတဲ့ ပြည်သူတွေ အနေနဲ့လည်း ကုန်ထုတ်လုပ်နိုင်စွမ်းအပေါ် ထိခိုက်စေပါလိမ့်မယ်။
ဒါ့အပြင် မြေဆီလွှာတိုက်စားခြင်း၊ ရေတိုက်စားခြင်းတို့ကြောင့် ကမ်းပါးပြိုကျခြင်း၊ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းတို့ကိုလည်း ဖြစ်စေပြီးတော့ ဂေဟစနစ်တစ်ခုလုံးအပေါ် ပြင်းထန်တဲ့ သက်ရောက်မှုကိုဖြစ်စေပါတယ်။
ရေကြီးမှုကို ဘာဆေးနဲ့ကုမလဲ
ရခိုင်ဒေသမှာ အစိုးရအဆက်ဆက်ဟာ ရေကြီးရေလျှံမှုကို ကာကွယ်တားဆီးဖို့အတွက် မိုးရေခံဆည်ကြီးတွေကို ဆောက်ခဲ့ကြပေမဲ့လည်း ဒီဆည်ကြီးတွေဟာ ဒေသခံတွေရဲ့ အကျိုးကို မဖြစ်ထွန်းစေပဲ ဒေသခံတွေအတွက် ဆိုးကျိုးကိုသာဖြစ်စေခဲ့ပါတယ်။ အထူးသဖြင့် ဆည်ဆောက်ဖို့ မြေယာသိမ်းဆည်းခြင်းနဲ့ စိုက်ပျိုးမြေတွေကို ဖယ်ရှားပေးရတာတွေကြောင့် ဒေသခံတွေရဲ့ လူမှုစီးပွားရေးမှာလည်း ပိုမိုနိမ့်ကျလာခဲ့ပါတယ်။
မိုးရေခံဆည်တွေကိို အစိုးရတွေဖက်က ဆောက်ပြီးရင်လည်း စီမံခန့်ခွဲမှုနဲ့ ပြန်လည်ထိန်းသိမ်းတဲ့အပိုင်းမှာ အလွန်အားနည်းတာကြောင့် ဆည်ဆောက်တာဟာ ရေကြီးရေလျှံတာကို ဖြေရှင်းဖို့ နည်းလမ်းကောင်းတစ်ခုအဖြစ် ရှိမနေသေးပါဘူး။
ရေကြီးရေလျှံဖြစ်ရတဲ့ အကြောင်းအရင်းကို သိရှိဖို့ အချက်အလက်တွေ ကောက်ခံတာ၊ မြစ်ချောင်းအင်းအိုင်နဲ့ ရေစီးဆင်းမှုစနစ်တွေကို မြှင့်တင်ဖို့လိုအပ်ပါတယ်။ မိုးအလွန်များတဲ့ အချိန်မှာ ရေလွှဲမြောင်းတွေဖောက်ပြီးတော့ ပင်လယ်ကို စီးဆင်းစေတာ၊ ရေစီမံခန့်ခွဲမှုစနစ်တွေကို ပိုအားကောင်းလာအောင်ပြုလုပ်ဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် ရေကြီးတာကို လျော့ချပေးတဲ့ သဘာဝအတားအဆီးဖြစ်တဲ့ အပူပိုင်းမိုးသစ်တောတွေကို ပြန်လည်ထူထောင်တာ၊ ဒီရေတောနဲ့ ဂေဟစနစ်ကိုထိခိုက်စေတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လျော့ချဖို့လိုအပ်ပါတယ်။
လက်ရှိရခိုင်ဒေသမှာ အုပ်ချုပ်ရေးအာဏာကိုထူထောင်နေတဲ့ အာရက္ခပြည်သူ့အစိုးရအနေနဲ့လည်း ရေကြီးမှုကို ကာကွယ်တားဆီးနိုင်ဖို့ သစ်တောဥပဒေကို ပြဌာန်းဖို့လိုအပ်ပြီးတော့ ရေစီမံခန့်ခွဲမှုစနစ်နဲ့ ရေလွှဲမြောင်းတွေကိုပါ မြို့နယ်တိုင်းနီးပါးမှာ ရေရှည်စီမံကိန်းတစ်ခုအနေနဲ့ ပြုလုပ်ဖို့လိုပါတယ်။
တစ်ဖက်မှာလည်း ဘေးအန္တရာယ်လျော့ချဖို့အတွက် အစီအမံတွေဖြစ်တဲ့ အသိပညာပေးလုပ်ငန်းတွေ ရပ်ကွက်ကျေးရွာအဆင့် ပြန်လည်ထူထောင်ရေး အသင်းအဖွဲ့တွေလည်း များစွာလိုအပ်ပြီးတော့၊ ပညာရှင်များ၏ အကြံဉာဏ်များကို ရယူပြီးတော့ စဉ်ဆက်မပြတ် တုံ့ပြန်နိုင်ဖို့လိုအပ်ပါတယ်။
ဒါမှသာ ကျေးလက်နဲ့ မြို့ပြမှာရှိတဲ့ ပြည်သူတွေအတွက် ဘေးအန္တရာယ်ကျရောက်မှုကို ကျော်လွှားနိုင်မှာဖြစ်ပြီးတော့၊ တိုးတက် ပြောင်းလဲလာတဲ့ နည်းပညာတွေကို လိုက်လျောညီထွေဖြစ်အောင် အသုံးချပြီးတော့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဂေဟစနစ်ကို မျှတအောင် ပြည်သူနှင့် အစိုးရပူးပေါင်းပြီး ထိန်းသိမ်းနိုင်မှသာ ရခိုင်ဒေသရဲ့ ဘေးအန္တရာယ်ကျရောက်မှုကို ရင်ဆိုင်ကျော်လွှားနိုင်ကြမှာ ဖြစ်ပါတယ်။
ရေတိုအစီအမံကိုသာသုံးပြီး ဘေးအန္တရာယ်ကျရောက်မှ ဖြေရှင်းတာထက် ဘေးအန္တရာယ်မဖြစ်ခင်ကတည်းကနေ ကြိုတင်ပြင်ဆင်မှုနဲ့ ဘေးအန္တရာယ်ဖြစ်စေတဲ့ အကြောင်းအရင်းကို ရှာဖွေပြီး တုံ့ပြန် အဖြေရှာနိုင်မှာသာ သဘာဝဘေးကို ကျော်လွှားနိုင်မှာဖြစ်ပါတယ်။


