ရခိုင်လူမျိုးတွေကို ဦးတည်တဲ့ အွန်လိုင်းပေါ်က ပြင်းထန်တဲ့ အမုန်းစကားတွေနဲ့ ဝါဒဖြန့်ချိမှုများ
ဒီဆောင်းပါးမှာ ဝါဒဖြန့်ချန်နယ်တွေကနေ ရခိုင်လူမျိုးတွေကို ပစ်မှတ်ထားပြီး ဖမ်းဆီးဖို့နဲ့ အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေကနေ တွေကနေ ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေလဲဆိုတာကို လေ့လာထားပါတယ်။ ဆင်ခြင်သတိထားကြပါ။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို အာရက္ခတပ်တော် အေအေဖက်ကနေ သိမ်းပြီးနောက်ပိုင်းမှာ ရခိုင်ဒေသနဲ့ ပတ်သက်ပြီး သတင်းတုသတင်းမှားတွေကို ဖြန့်တဲ့ စာမျက်နှာတွေ တွေ ချန်နယ်တွေဟာ ဆိုရှယ်မီဒီယာတွေမှာ အပြိုင်အဆိုင်နဲ့ ပေါ်လာကြပါတယ်။
အရင်ကတော့ စစ်ကောင်စီရဲ့ တယ်လီဂရန်ချန်နယ်တွေကနေ ရခိုင်ဒေသနဲ့ ပတ်သက်ပြီး သတင်းတုသတင်းမှားတွေကို ဖြန့်လေ့ရှိပေမဲ့ အခုနောက်ပိုင်းမှာတော့ YouTube အပါအဝင် Facebook၊ Tik Tok တွေမှာလည်း သတင်းတုသတင်းမှားဖြန့်တဲ့သူတွေဟာ ယခင်ကထက် ပိုတိုးလာတာကို တွေ့ရပါတယ်။
တယ်လီဂရန်မှာ ရခိုင်ဒေသနဲ့ ပတ်သက်ပြီး သတင်းတုသတင်းမှားတွေကို Min Chit Oo၊ May Yu Htar Nay၊ Western 24 news၊ Kyaw Swar၊ Snow Queen၊ People Media၊ Ko Thet စတဲ့ ချန်နယ်တွေအပြင် အခြားချန်နယ်တွေကနေ ဖြန့်နေခဲ့ကြတာပါ။ သတင်းတုသတင်းမှား အကြောင်းအရာတွေထဲမှာ ရခိုင်ပြည်အတွင်းမှာ လေကြောင်းသုံးပြီး ဗုံးကြဲတိုက်ခိုက်တာတွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန်တဲ့ ပို့စ်တွေ၊ ရခိုင်လူမျိုးတွေကို ဖမ်းဆီးဖို့၊ အကြမ်းဖက်ဖို့ အတွက် လှုံ့ဆော်နေတာတွေကို အများစုတွေ့ရပါတယ်။
အထူးသဖြင့် ရန်ကုန်နဲ့ ဧရာဝတီတိုင်းအပါအဝင်၊ ပဲခူးတိုင်းနဲ့ မကွေးတိုင်းစတဲ့ စစ်ကောင်စီထိန်းချုပ်ရာနယ်မြေတွေမှာရှိတဲ့ ရခိုင်လူမျိုးတွေကို အဓိကသားကောင်အဖြစ်နဲ့ ပစ်မှတ်ထားပြီးတော့ ရခိုင်စစ်ဘေးရှောင်တွေကို လက်မခံကြဖို့၊ ရခိုင်လူမျိုးတွေအကုန်လုံးဟာ အေအေနဲ့ ဆက်စပ်နေတာကြောင့် ဖမ်းဆီးဖို့အတွက် လိုအပ်တယ်ဆိုတဲ့ လှုံ့ဆော်မှုတွေကို စစ်ကောင်စီချန်နယ်တွေဖက်ကနေ အသားပေးပြီးတော့ ဆက်တိုက်ဝါဒဖြန့်နေခဲ့တာပါ။
ရခိုင်ပြည်မှာ စစ်ရေးအရ ရှုံးနိမ့်မှုတွေနဲ့ ရင်ဆိုင်နေရပြီးတော့ မြို့နယ် ၁၄ မြို့နယ်ကို လက်လွှတ်ဆုံးရှံးထားတဲ့ စစ်ကောင်စီဟာ ရခိုင်လူမျိုးတွေကို ပစ်မှတ်ထားပြီး သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေဖြန့်နေတာဟာ ရခိုင်လူမျိုးတွေအတွက် အနီရောင်အဆင့်နဲ့ သတိထားရမဲ့ အခြေအနေမှာရှိပါတယ်။
အထူးသဖြင့် လူမျိုးရေး ဘာသာရေးလို အကဲဆတ်တဲ့ ကိစ္စတွေမှာ မဟုတ်မမှန်ရေးသားဖြန့်ဝေထားတဲ့ လုပ်ကြံသတင်းတွေနဲ့ အတူ၊ ရခိုင်လူမျိုးတွေကို အကြမ်းဖက်ဖို့နဲ့ နိုင်ထက်စီးနင်းတွေ လုပ်ဖို့အတွက် ရိုင်းစိုင်းတဲ့ စကားလုံးတွေ သုံးပြီး လှုံ့ဆော်နေတဲ့ အွန်းလိုင်းပေါ်မှာ ခြိမ်းခြောက်မှုတွေဟာ ရခိုင်လူမျိုးတွေအတွက် လုံခြုံမှုမရှိတဲ့ လူမှုဘဝကို ပိုမိုတိုးပွားလာစေပါတယ်။
စစ်ကောင်စီချန်နယ်တွေရဲ့ ဝါဒဖြန့်မှုနှင့် သက်ရောက်မှု
စစ်ကောင်စီချန်နယ်တွေကနေ ဖြန့်ခဲ့တဲ့ ပို့စ်တွေကို Akyab Post ဖက်ကနေ အသေးစိတ် လေ့လာစောင့်ကြည့်မှုတွေလုပ်ခဲ့တဲ့အခါ အများဆုံးတွေ့ရတတ်တဲ့ ပို့စ်တွေကို အကျဉ်းချုပ်အနေနဲ့ ပြန်ကြည့်ရရင်
ရခိုင်လူမျိုးတွေရဲ့ ၇၅ ရာခိုင်နှုန်းဟာ အေအေနဲ့ဆက်စပ်နေတာကြောင့် ဖမ်းဆီးအရေးယူဖို့လိုတယ်၊
ရခိုင်လုပ်ငန်းရှင်တွေ၊ ထင်ပေါ်ကျော်ကြားတဲ့ ရခိုင်လူမျိုးတွေအားလုံးဟာ အေအေနဲ့ ဆက်စပ်နေလို့ရဲ့ ဘဏ်စာရင်းအချက်အလက်တွေကို စစ်ဆေးဖို့အတွက် လိုအပ်တယ်
အေအေသိမ်းပိုက်ထားတဲ့ နယ်မြေတွေမှာရှိတဲ့ လူအားလုံးဟာ အေအေတွေဖြစ်လို့ ဗုံးကြဲလို့ရတယ်။
လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ သေဆုံးတဲ့ သူတွေအားလုံးဟာ အေအေတွေဖြစ်ကြတယ်။
အေအေရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံး
ရခိုင်အလံနဲ့ ရခိုင်တံဆိပ်တက်တူးထိုးထားသူတွေအားလုံးဟာ အေအေတွေဖြစ်လို့ ဖမ်းဆီးဖို့လိုအပ်တယ် ဆိုတဲ့ ပို့စ်တွေကို တွေ့ရပါတယ်။
စစ်ကောင်စီရဲ့ တယ်လီဂရန်ချန်နယ်တွေမှာ တစ်ရက်ကို ရာနဲ့ချီပြီးတော့ သတင်းတုသတင်းမှားတွေဖြန့်ဝေနေပြီးတော့၊ ဖြန့်နေတဲ့ အကြောင်းအရာတွေထဲမှာ ရခိုင်လူမျိုးတွေကိုအကြမ်းဖက်ဖို့ လှုံဆော်တဲ့ ပို့စ်တွေဟာ ပြင်ပမှာပါ သက်ရောက်မှုတွေရှိခဲ့တာကို Akyab Post ရဲ့ လေ့လာစောင့်ကြည့်မှုတွေအရ တွေ့ရပါတယ်။
လေ့လာစောင့်ကြည့်မှုတွေအရ ပြီးခဲ့တဲ့ ၂၀၂၄ အောက်တိုဘာလထဲမှာ ရခိုင်လူမျိုးအနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် ဆုမြတ်ထက်ကို အေအေကိုထောက်ပံ့တယ်ဆိုပြီး မဟုတ်မမှန်စွပ်စွဲကာ စစ်ကောင်စီချန်နယ်တွေကနေ ပို့စ်တွေဖြန့်ခဲ့ကြပါတယ်။ ဒီလိုပို့စ်တွေ ဖြန့်ပြီး ရက်ပိုင်းအတွင်းမှာပဲ ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာနေထိုင်တဲ့ အဆိုတော်ဆုမြတ်ထက်နဲ့ သူ့တူမကို စစ်ကောင်စီတပ်သားတွေကနေ လာရောက်ပြီးတော့ ဖမ်းဆီးခဲ့တဲ့ ဖြစ်စဉ်ကို တွေ့ရှိရပါတယ်။
စစ်ကောင်စီချန်နယ်တွေကနေ အဆိုတော်ဆုမြတ်ထက်ပတ်သက်ပြီး ဖြန့်ခဲ့တဲ့ ပို့စ်အပြည့်အစုံ
အဆိုတော်ဆုမြတ်ထက် ဖမ်းဆီးခံရတဲ့ သတင်း
ဒီအကြောင်းအရာအပြင် ဧရာဝတီတိုင်းကို စစ်ဘေးရှောင်လာကြတဲ့ ရခိုင်လူမျိုးတွေကိုလည်း အေအေနဲ့ ဆက်စပ်နေတယ်သူတွေဖြစ်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးဖို့လိုအပ်တယ်ဆိုတဲ့ ပို့စ်တွေကို စစ်ကောင်စီချန်နယ်တွေကနေ ဆက်တိုက်ဖြန့်ခဲ့ကြပါသေးတယ်။ စစ်ကောင်စီချန်နယ်တွေရဲ့ ပို့စ်တွေဖြန့်ပြီး ရက်ပိုင်းအတွင်းမှာပဲ ဧရာဝတီတိုင်းကို ရောက်ရှိနေကြတဲ့ ရခိုင်စစ်ဘေးရှောင်တွေအနေနဲ့ ဆက်တိုက် ဖမ်းဆီးခံခဲ့ရတာတွေကို ယုံကြည်စိတ်ချရတဲ့ သတင်းမီဒီယာတွေမှာ ရေးသားဖော်ပြတာတွေကို တွေ့ရပါတယ်။
ဧရာဝတီတိုင်းရောက် ရခိုင်စစ်ဘေးရှောင်၉ ဦးကို စစ်ကောင်စီဖမ်းဆီးသတင်းအပြည့်အစုံ
ဧရာဝတီတိုင်းရောက် ရခိုင်စစ်ဘေးရှောင်ပြည်သူများကို စစ်ကောင်စီက ပိုမိုဖိနှိပ်နေ
အွန်လိုင်းပေါ်မှာ ခြိမ်းခြောက်မှုတွေ တိုးပွားလာတာရဲ့ နောက်ဆက်တွဲမှာ မြေပြင်မှာလည်း ရခိုင်လူမျိုးတွေအပေါ် စစ်ကောင်စီရဲ့ ဖိနှိပ်မှုဟာ ပိုမိုများပြားလာတာပါ။ ဒါ့အပြင်လည်း လေကြောင်းတိုက်ခိုက်မှုတွေထဲမှာ သေဆုံးတဲ့ အရပ်သားပြည်သူတွေကို အေအေစစ်သားအဖြစ်နဲ့ ပုံဖော်နေတာတွေဟာ စစ်ကောင်စီချန်နယ်တွေမှာ အများဆုံးသုံးတဲ့အကြောင်းအရာတစ်ခုပါ။
ဝါဒဖြန့်ချန်နယ်တွေ ဘယ်လိုအလုပ်လုပ်သလဲ
ရခိုင်ဒေသနဲ့ ပတ်သက်ပြီး သတင်းတုသတင်းမှားတွေ၊ အမုန်းစကားတွေ၊ ဝါဒဖြန့်မှုတွေနဲ့ အချက်အလက်စစ်ဆေးမှုတွေကို ပြုလုပ်နေတဲ့ Akyab Post ဟာ စစ်ကောင်စီချန်နယ်တွေရဲ့ အလုပ်လုပ်တဲ့ ပုံစံတွေကို သေချာစွာ လေ့လာနိုင်ခဲ့ပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်အများစုဟာ တစ်ခုနဲ့တစ်ခု အပြန်အလှန်ချိတ်ဆက်ပြီး ဝါဒဖြန့်နေမှုဟာ သိသာထင်ရှားတဲ့ အချက်အလက်တစ်ခုပါ။ ချန်နယ်တစ်ခုကနေ ပို့်စ်တစ်ခု တင်လိုက်ပြီဆိုတာနဲ့ ဒီပို့စ်ကိုပဲ အခြားချန်နယ်တွေကနေ ထပ်ဆင့်ပြီး ဖြန့်ဝေတာမျိုးတွေ၊ ကူးယူဖော်ပြတာတွေကို အများဆုံးပြုလုပ်တတ်လေ့ရှိကြပါတယ်။ ဒါ့အပြင် ချန်နယ်အသစ်တစ်ခုကို ဖွင့်ပြီဆိုတာနဲ့ အသစ်ချန်နယ်မှာ Subscribers တိုးဖို့အတွက် Invite လုပ်တာတွေကို ချန်နယ်တွေပေါင်းစုံကနေ ဖော်ပြလေ့ရှိကြပါတယ်။
ယခင်က တယ်လီဂရန်မှာ စာသားနဲ့ ဗီဒီယိုတွေတွဲပြိးတော့ ပို့စ်တွေတင်လေ့ရှိကြပေမဲ့ အခုနောက်ပိုင်း Tik Tok နဲ့ YouTube တွေမှာ ဗီဒီယိုလုပ်ပြီး ပို့စ်တွေကို အဓိကထားပြီး ဖြန့်လာကြပါတယ်။ ဒါကြောင့် YouTube အပါအဝင် Tik Tok ဆိုရှယ်မီဒီယာတွေမှာလည်း သတင်းတုသတင်းမှားနဲ့ အမုန်းစကားပျံ့နှံ့မှုဟာ ပိုမိုတိုးလာတာကို သတိထားကြဖို့လိုအပ်ပါတယ်။
ဝါဒဖြန့်ချန်နယ်တွေရဲ့ ဩဇာသက်ရောက်မှုတွေနဲ့ လွှမ်းမိုးမှုတွေကို ဖော်ပြနိုင်ဖို့အတွက် လေကြောင်းတိုက်ခိုက်မှုတွေ မပြုလုပ်မီအတွင်းမှာ ပို့စ်တင်ပြီး ခြိမ်းခြောက်တာမျိုးတွေကို ပြုလုပ်တာတွေ ရှိပါတယ်။ ဒါ့အပြင် ချန်နယ်တွေရဲ့ အက်ဒမိန်အချင်းချင်း ရန်ဖြစ်တဲ့ ပို့စ်လိုမျိုးသုံးပြီး Subscribers တွေ ပိုမိုတိုးပွားလာအောင် လုပ်ဆောင်လေ့ရှိကြပါတယ်။
ရခိုင်ဒေသကို ဦးတည်ထားပြီး ဝါဒဖြန့်နေတဲ့ ချန်နယ်တွေမှာဆိုရင် ရခိုင်လူမျိုးတွေနဲ့ ရင်းနှီးတဲ့ နာမည်တွေ၊ ရခိုင်ဒေသနာမည်တွေကို အစွဲပြုပြီး ချန်နယ်တွေကို နာမည်ပေးလေ့ ရှိကြပါတယ်။ Western 24 news ချန်နယ်ဟာဆိုရင် ရခိုင်ဒေသရဲ့ Western News ချန်နယ်ရဲ့ နာမည်နဲ့ တူနေတာကို တွေ့ရပါတယ်။ ဒါ့အပြင် May Yu Htar Nay၊ Dorawaddy ချန်နယ်တွေဟာဆိုရင်လည်း ရခိုင်ဒေသက နာမည်တွေကို အစွဲပြုပြီး ပေးထားတဲ့ နာမည်တွေဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ စစ်ကောင်စီချန်နယ်တွေကနေ ရခိုင်လူမျိူးတွေကို ဦးတည်ထားပြီးတော့ ဝါဒဖြန့်ဖို့ ရခိုင်ဘာသာစကားနဲ့ ရေးထားတဲ့ ပို့စ်တွေကို ပိုမိုအားပြုပြီး ဖြန့်လာတာကို တွေ့ရပါတယ်။ ၂၀၂၄ ဧပြီလ ၂၂ ရက်နေ့မှာ စပြီးတော့ ချန်နယ်အသစ်ဖွင့်တဲ့ Min Bar Gyi ချန်နယ်ဟာ ဒီဇင်ဘာလကနေစပြီးတော့ တင်တဲ့ ပို့စ်တွေမှာ ရခိုင်ဘာသာစကားကို သုံးပြီး ဖြန့်လာတာပါ။ ဒီပို့စ်တွေကိုလည်း Subscribers များတဲ့ Min Chit Oo၊ May Yu Htar Nay၊ Western 24 news ကနေ မျှဝေခဲ့ကြပြီးတော့ Min Bar Gyi ချန်နယ်ကို subscribers တွေ ပိုတိုးလာအောင် လုပ်နေတာတွေကို တွေ့ရပါတယ်။
အရင်က သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေတင်တဲ့ page တွေ accountတွေကို Facebook ဖက်ကနေ ပိတ်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှာ ဖေ့စဘုတ်ပေါ်မှာ ချန်နယ်အချို့နဲ့ အကောက်အချို့ကိုလည်း ပြန်တွေ့လာရပါတယ်။ Maungdaw daily news၊ ARF Myaanmar တို့အပြင် အခြား page တွေကနေလည်း ရခိုင်ဒေသနဲ့ ပတ်သက်ပြီး သတင်းတုသတင်းမှားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖြန့်နေတာတွေကို တွေ့ရပါတယ်။ ဒါ့အပြင် ရခိုင်ဒေသနဲ့ ပတ်သက်ပြီး ဖွဲ့ထားတဲ့ group တွေထဲမှာလည်း သတင်းတုသတင်းမှားတွေတင်တဲ့ အကောက်တုတွေကို အများဆုံးတွေ့ရပါတယ်။
သတင်းတုသတင်းမှား ဖြန့်လေ့ရှိကြတဲ့ သူတွေအများစုဟာ လူတွေအများစု joined ထားကြတဲ့ group တွေကနေ တစ်ဆင့်ခံပြီး share တာတွေအပြင်၊ like followers များတဲ့ page တွေ အောက်မှာ မှတ်ချက်ပေးတာတွေ၊ ယခင်ကနေ ရှိတဲ့ ချန်နယ်ဟောင်းတွေကနေ သူတို့ရဲ့ အကောက်အသစ်၊ ချန်နယ်အသစ်ကို invite လုပ်တာတွေကို တွေ့ရပါတယ်။ ဒါ့အပြင် ပုံအဟောင်းတွေကို သုံးပြီး ဖြန့်တာတွေဟာ ပဋိပက္ခဖြစ်ပွားလာအောင် မီးမွှေးသလို ဖြစ်နေတာပါ။
ဝါဒဖြန့်ချန်နယ်တွေရဲ့ နာမည်တွေဟာဆိုရင်လည်း သတင်းဌာနကြီးတွေရဲ့ နာမည်နဲ့ ဆင်တူယိုးမှား ပေးထားကြပြီးတော့ သတင်းမီဒီယာနဲ့ ပတ်သက်ပြီး နားမလည်တဲ့ ပြည်သူတွေကို အဓီကပစ်မှတ်ထားပြီး ဝါဒဖြန့်နေကြတာဖြစ်လို့ ရခိုင်လူမျိုးတွေနဲ့ သတ်ိထားပြီး စောင့်ကြည့်ကြဖို့နဲ့ သတင်းအချက်အလက်တွေကို စစ်ဆေးပြီးမှ ယုံကြည်ကြဖို့ လိုအပ်ပါတယ်။
သတိထားစောင့်ကြည့်ပြီး နေထိုင်သင့်
စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေကနေ ရခိုင်လူမျိုးတွေအပေါ် အကြမ်းဖက်ဖို့လှုံဆော်နေမှုတွေနဲ့ အမုန်းစကားများဖြန့်နေမှုတွေအပေါ် စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာ ရောက်ရှိနေတဲ့သူတွေပါ အေအေထိန်းချုပ်ရာနယ်မြေမှာရှိတဲ့ ရခိုင်လူမျိုးတွေအားလုံးကပါ စိုးရိမ်မှု မြင့်တက်လျက်ရှိကြပြီးတော့ သတိထားပြီး စောင့်ကြည့်သင့်တယ်လို့ Akyab Post မှ မေးမြန်းခဲ့တဲ့သတင်းရင်းမြစ်တွေ အားလုံးက တညီတညွတ်တည်းဖြေဆိုကြပါတယ်။
ရန်ကုန်မှာရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက “စစ်ကောင်စီချန်နယ်တွေကနေ အရင်ကထက် ရခိုင်တွေကို ဦးတည်ထားပြီး ဝါဒဖြန့်တာကတော့ လက်ရှိမှာ စစ်ရှုံးနေတာကြောင့်ဖြစ်တယ်။ နပခလိုစစ်ဌာနချုပ်ကျသွားတော့ စစ်တပ်နဲ့ အေအေကြားမှာ တိုက်နေတဲ့ စစ်ပွဲလိုမဟုတ်တော့ပဲ၊ ရခိုင်နဲ့ဗမာတွေကြား လူမျိုးရေးအရ စစ်ပွဲဖြစ်နေတာလို့ အတင်းအားဓမ္မပုံဖော်လာတာကို တွေ့ရတယ်။ တစ်ဖက်မှာလည်း ရခိုင်အစားအစာတွေနဲ့ ရခိုင်ဆိုင်၊ ရခိုင်စီးပွားရေးလုပ်ငန်းတွေကို ခြိမ်းခြောက်တာ၊ စာကပ်တာတွေလည်း ရှိတော့ ရခိုင်လူမျိုးတွေအနေနဲ့ ပါးပါးနပ်နပ်နဲ့ သတိထားပြီးနေထိုင်သင့်တယ်” လို့ သူ့အမြင်ကို ပြောပါတယ်။
စစ်ကောင်စိီဖက်ကနေ အကြမ်းဖက်ဖို့ လှုံဆော်မှုတွေနဲ့ ဝါဒဖြန့်မှုတွေဟာ စိတ်မလုံခြုံမှုတွေကို ပိုတိုးစေလာပြီးတော့ အေအေကနေ ရခိုင်တစ်ပြည်နယ်လုံးကို သိမ်းပိုက်လာရင် စစ်ကောင်စီထိန်းချုပ်ရာနယ်မြေတွေမှာ ရှိတဲ့ ရခိုင်လူမျိုးတွေအနေနဲ့ အခုထက်ပိုမိုဆိုးရွားတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ကြုံလာနိုင်တယ်လို့ သူရဲ့ ခံစားချက်ကို ပြောပြပါတယ်။
Akyab Post ကနေ မေးမြန်းခဲ့တဲ့ နောက်ထပ်သတင်းရင်းမြစ်တစ်ဦးကလည်း “ရခိုင်လူမျိုးတွေအနေနဲ့က ပိုပြီးသတိထားသင့်တယ်။ အွန်လိုင်းမှာပါ အပြင်မှာပါ အမုန်စကားတွေကို ပြောတာမျိုးမလုပ်သင့်ဘူး၊ သူတို့ဖန်တီးတဲ့ အကွက်ထဲမဝင်ဖို့လိုတယ်။ သူတို့ဝါဒဖြန့်တဲ့နောက်ကို လိုက်ပြီး အကြမ်းဖက်ဖို့ လှုံ့ဆော်တာတွေ အမုန်းစကားတွေကို လိုက်ပြီး လုပ်မိမှာကို စိုးရိမ်မှုတွေတော့ရှိပါတယ်။ သူတို့ချန်နယ်တွေမှာ ကောမန့်ပေးတာတွေ သွားပြီးတော့ ပြန်ပြောတာတွေကို မလုပ်မိဖို့လိုပါတယ်” လို့ ပြောပါတယ်။
လက်ရှိစစ်ကောင်စီဖက်မှနေ ရခိုင်ပြည်ကို သွားတဲ့ ကုန်လမ်းနဲ့ ရေလမ်းတွေကို ပိတ်ဆို့ထားတဲ့အပြင် ရခိုင်လူမျိုးတွေကို ပြည်ပထွက်ခွာခွင့်ကိုပါ တင်းကျပ်ထားပါတယ်။ ဒါ့အပြင် စစ်ကောင်စီထိိန်းချုပ်နယ်မြေတွေမှာ စစ်မှုထမ်းဥပဒေကို အပြင်းအထန် အကောင်အထည်ဖော်နေတာကြောင့် ရခိုင်လူမျိုးတွေအနေနဲ့ လုံခြုံရေးအရ စိုးရိမ်မှုများကို ပိုမိုမြင့်တက်စေပါတယ်။
ဆိုရှယ်မီဒီယာထက်မှာ စစ်ကောင်စီချန်နယ်တွေကနေ အကြမ်းဖက်ဖို့ လှုံဆော်နေမှုတွေ အပါအဝင် သတင်းတုသတင်းမှားတွေကို တွေ့တဲ့အခါမှာလည်း ခံစားချက်နောက်ကိုလိုက်ပြီး ပြန်ပြီးတော့ မျှဝေတာတွေ comment ပေးတာမျိုးတွေမလုပ်ဖို့နဲ့ ဒီလိုပို့စ်တွေ တွေ့တဲ့အခါမှာလည်း Hate Speech အောက်မှနေပြီး report ထုတာတွေကို ပြုလုပ်နိုင်ပါတယ်။
ဒါ့အပြင် အွန်လိုင်းမှ ခြိမ်းခြောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ မြေပြင်ပေါ်မှာရှိတဲ့ လူနေမှုဘဝကို သက်ရောက်နိုင်တာကြောင့် သတိဝီရီယထားကြဖို့လည်း တိုက်တွန်းလိုက်ပါတယ်။
အမုန်းစကားတွေ၊ ခြိမ်းခြောက်မှုတွေ လုပ်ကြံသတင်းတွေကို တွေ့ရှိတဲ့အခါလည်း SIFT လို့ ခေါ်တဲ့ နည်းလမ်းကို သုံးဖို့ အကြံပြုလိုပါတယ်။


