သတိထားစရာ လူပြိုန်းကြိုက်ရောဂါ
ဒီဆောင်းပါးမှာတော့ လူပြိန်းကြိုက်ရောဂါလို့ ပြောကြတဲ့ ပေါ်ပြူလစ်ဇင်ရဲ့ လားရာ၊ သက်ရောက်မှု၊ ဆက်နွယ်မှုတွေ အကြောင်းကို ကျွန်တော်ဆွေးနွေးထားပါတယ်။
စဉ်းစားတွေးခေါ်ခြင်းနဲ့ ပတ်သက်ပြီးတော့ ဗြိတိသျှဒဿနိကတွေးခေါ်ပညာရှင်တစ်ဦးဖြစ်တဲ့ ဘာထရန်ရပ်ဆယ်က “လူတွေကို စဉ်းစားမလား၊ သေမလားလို့ မေးတဲ့အခါ လူအများစုဟာ စဥ်းစားတဲ့လမ်းကို မရွေးကြပဲနဲ့ သေတဲ့လမ်းကိုပဲ အလွယ်တကူ ရွေးသွားတတ်ကြတယ်” ဆိုပြီးတော့ တစ်ခါက ပြောဖူးပါတယ်။
ပညာရေးအင်စတီးကျူးအားနည်းပြီး အာဏာရှင်စနစ်နဲ့ ယှဉ်ပါးတဲ့ နိုင်ငံတွေမှာ ဩဇာအာဏာရှိတဲ့ လူတစ်ယောက်ကဖြစ်ဖြစ် နာမည်ကြီးပြီးတော့ ထင်ပေါ်ကျော်ကြား လူတစ်ယောက်ရဲ့ စကားတွေဆိုရင် ပြည်သူတွေဟာ အပြန်အလှန်မေးခွန်း ထုတ်လေ့မရှိတဲ့အပြင်၊ မစဥ်းစားကြတော့ဘဲနဲ့ အလွယ်တကူ လက်ခံတတ်လေ့ရှိကြပါတယ်။
ထင်ပေါ်ကျော်ကြားမှုနဲ့ ဩဇာအာဏာရှိတဲ့ လူတွေဆိုတာ နယ်ပယ်စုံကဏ္ဍတိုင်းမှာ ကျွမ်းကျင်ကြတဲ့သူတွေမဟုတ်ကြဘဲ သက်ဆိုင်ရာ နယ်ပယ်တစ်ခုချင်းစီကနေ လူသိများပြီး အခွင့်အာဏာရလာကြတဲ့ လူတွေသာဖြစ်ပါတယ်။ လူအများစုက ဒီအချက်ကို မေ့ချန်ထားကြလေ့ရှိပါတယ်။
နယ်ပယ်ကဏ္ဍတစ်ခုချင်းစီမှာ ကျွမ်းကျင်တဲ့သူတွေ ပရော်ဖက်ရှယ်နယ်ပီသတဲ့သူတွေကို ကျွန်တော်တို့ တန်ဖိုးထားကြရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်ကျွမ်းကျင်တဲ့ပညာရပ်နဲ့ မသက်ဆိုင်တဲ့ ကိစ္စရပ်တွေ၊ အထူးသဖြင့် ပြည်သူ့အကျိုးစီးပွားနဲ့ အတွေးအခေါ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ ကျွမ်းကျင်ပိုင်နိုင်ခြင်း သက်ဆိုင်ခြင်းမရှိဘဲနဲ့ အများပြည်သူရဲ့ အတွေးအခေါ်တိမ်းပါးအောင် ကိုယ်အယူအဆ၊ ထင်ပေါ်ကျော်ကြားမှုနဲ့ ဩဇာအာဏာကို အသုံးချတဲ့ကိစ္စရပ်တွေဟာဆိုရင် သတိထား ဆင်ခြင်ဖို့လိုအပ်ပါတယ်။
လူတွေဟာ အမှားမကင်းတဲ့သူတွေဖြစ်တဲ့အပြင် တတ်မြောက်ထားတဲ့ ပညာရပ်တွေ၊ ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ တွေးခေါ်မှုဆိုင်ရာတွေမှာ အကန့်အသတ်ရှိတာကြောင့် ယထာဘူတာကျပြီး ဓမ္မဓိဌာန်ကျတဲ့ အမြင်ဟာ လူတိုင်းမှာရှိတာတော့ မဟုတ်ပါဘူး။
ပြည်သူလူထုအများစုရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ သက်ဆိုင်နေတဲ့ သဘာဝဘေးအန္တရာယ်၊ စစ်ပွဲ၊ ရွေးကောက်ပွဲ၊ ငွေကြေးရင်းနှီးမြှုပ်နှံမှု၊ ကျန်းမာရေးနဲ့ အရေးပေါ်ကူညီကယ်ဆယ်ရေးလို ကဏ္ဍတွေမှာ ထင်ပေါ်ကျော်ကြားသူတွေရဲ့ စကားတွေကို လွယ်လင့်တကူ ယုံစားလေ့ရှိတာကြောင့် ပြည်သူတွေဟာ ဆုံးဖြတ်ချက်အမှားတွေကို ချမှတ်လေ့ရှိတယ်လို့ သုတေသန အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။
ဒါကြောင့်လည်း ဩဇာအာဏာရှိတဲ့သူတွေနဲ့ ထင်ပေါ်ကျော်ကြားတဲ့သူတွေရဲ့ လုပ်ဆောင်ချက်တွေ၊ စကားတွေနဲ့ အမိန့်အာဏာတွေမှာ မသင့်လျော်တဲ့ ဖြစ်နိုင်ခြေတွေပါတတ်တာကြောင့် ပြည်သူ့အကျိုးစီးပွားကို ထိခိုက်တဲ့ ဘေးဥပုဒ်တွေဖြစ်ခဲ့တာကို သမိုင်းမှာဖြစ်ခဲ့တဲ့ ကပ်ရောဂါဆိုးတွေနဲ့ ကမ္ဘာစစ်လို စစ်ပွဲအများစုက သက်သေပြနေပါတယ်။
ခေါင်းဆောင်တွေ၊ ဩဇာအာဏာရှိသူတွေရဲ့ အမိန့်အာဏာတွေနဲ့ လုပ်ဆောင်ချက်တွေမှာ အများပြည်သူရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ ကိစ္စတွေပါရင်လည်း ပြည်သူတွေဟာ သင့်လျော်မှုရှိမရှိဆိုတာကို စဉ်းစားတာထက် ကိုယ့်ရဲ့ခံစားချက်နဲ့ စဉ်းစားတွေးခေါ်ချက်တွေဟာ ခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ မှားနိုင်ဖွယ်မရှိဘူးဆိုတဲ့ အလွန်အကျွံယုံကြည်မှုနောက်ကို လိုက်ပါသွားလေ့ရှိကြပါတယ်။ ဒါကိုပဲ အလိုအလျောက် အမိန့်နာခံတတ်မှု authoritarian submission လို့ ခေါ်ကြပါတယ်။ ဒီအကျိုးဆက်ရဲ့ ရိုက်ခတ်မှုနောက်မှာ အာဏာရှင်စနစ်နဲ့ သူရဲကောင်းဝါဒီတို့ ပေါ်လာဖို့ တွန်အားပေးသလို ဖြစ်စေတတ်ပါတယ်။
ဒီကနေ့ခေတ်မှာတော့ လူအများစု ကြိုက်နှစ်သဘောကျတဲ့ စကားလုံးတွေ အယူအဆတွေကို ဖောဖောသီသီသုံးပြီးတော့ လူကြိုက်များအောင် ပြုလုပ်လာမှုနဲ့ ပေါ်ပြူလစ်ဝါဒကို အသုံးချပြီး လူတွင်ကျယ်အောင် ပြုလုပ်လာမှုတွေဟာ ၂၁ ရာစုရဲ့ ကူးစက်တတ်တဲ့ လူပြိိန်းကြိုက်ရောဂါ တစ်ခုလို့တောင် ပြောလို့ရပါတယ်။
ပေါ်ပြူလစ်ဝါဒီတွေဟာ ထင်ပေါ်ကျော်ကြားမှုကို အသုံးချပြီးတော့ လူအများစုလက်ခံလာအောင်၊ ကြိုက်နှစ်သက် ကျေနပ်လာအောင်၊ ပြည်သူကို စည်းရုံးတဲ့အခါမှာလည်း ငြင်းဆန်ရခက်တဲ့ စကားလုံးတွေ၊ အများစုကြိုက်နှစ်သက်တဲ့ အကြောင်းအရာတွေနဲ့ အများပြည်သူလက်မခံတဲ့ ကိစ္စတွေကို နိုင်ငံရေးပြဿနာသဖွယ် အသုံးချပြီးတော့ အာဏာပါဝါကို တည်ဆောက်ဖို့ကြိုးစားကြပါတယ်။
ပေါ်ပြူလစ်ဇင်ဟာ နိုင်ငံရေးနယ်ပယ် တစ်ခုတည်းမှာတင် ပျံ့နှံ့နေတာမဟုတ်ပါဘူး။ လူမှုရေး၊ ပညာရေးနဲ့ အတွေးအခေါ်ပိုင်း ဆိုင်ရာတွေမှာပါ စိမ့်ဝင်နေတာကြောင့် ပေါ်ပြူလစ်ဇင်ရဲ့ မောင်းနှင်မှုနောက်မှာ လူ့အဖွဲ့အစည်း တစ်ခုလုံးအပေါ်မှာလည်း သက်ရောက်မှုရှိပါတယ်။
ပေါ်ပြူလစ်သမားတွေကြောင့်ပဲ ပညာရှင်တွေအနေနဲ့ လူ့အဖွဲ့အစည်းအပေါ်ရှုမြင်သုံးသပ်မှုတွေ ဘေးရောက်ကုန်တာ၊ ပြည်သူအများစုမှာလည်း အမှားအမှန်ကို ဆင်ခြင်နိုင်စွမ်း မဲ့လာပြီး ပေါ်ပြူလစ်သမားတွေရဲ့ ဝါဒဖြန့်မှုအောက်မှာ ကျရောက်တတ်ကြပါတယ်။
ဆိုရှယ်မီဒီယာအားကောင်းလာမှု နောက်ဆက်တွဲမှာ ဆယ်လီတွေ၊ ပေါ်ပြူလစ်ဝါဒီတွေဟာ ထင်ပေါ်ကျော်ကြားမှုနဲ့ လူသိများမှုကို အသုံးချပြီးတော့ ကိုယ်ရဲ့အယူအဆကို လူအများစုလက်ခံလာအောင် အမုန်းစကားတွေသုံးပြီးတော့ နင်ငါရန်စည်းဆိုတဲ့ ဘက်နှစ်ဘက်ဖြစ်အောင် ပြုလုပ်တတ်လေ့ရှိတာကို တွေ့ရတတ်ပါတယ်။
တစ်ဖက်ဖက်ကို စောင်းနင်းပြီးတော့ ရေးသားထားတဲ့ ပို့စ်တွေနဲ့ အခြားသူတွေကို တိုက်ခိုက်တဲ့ ပို့စ်တွေဟာ သူ့ဘက်ကိုယ့်ဘက်ဆိုတဲ့ ထောက်ခံသူနဲ့ ကန့်ကွက်သူကို ဖြစ်စေပြီးတော့ ဒီလိုUS Them ကွဲအောင်ပြုလုပ်ခြင်းကပဲ ပေါ်ပြူလစ်ဝါဒီတွေကို လူသိများလာအောင် ပြုလုပ်ပေးရာရောက်စေသလို သူ့အယူအဆကိုလည်း လူအများစုကို မသိမသာနဲ့ ရိုက်သွင်းပေးသလို ဖြစ်စေပါတယ်။
တစ်ဖက်မှာလည်း အမုန်းစကားတွေ ပြည်သူလူထုထဲကို ပျံ့နှံ့မှုအားကောင်းလာလေ အာဏာရှိတဲ့ အုပ်ချုပ်သူလူတန်းစားဟာ ပြည်သူလူထုကို ခွဲခြားပြီးအုပ်ချုပ်ဖို့ ပိုလွယ်ကူလေဖြစ်ပြီးတော့ အယူအဆရေးရာတွေနဲ့ ဝါဒဖြန့်မှုတွေကို လုပ်တဲ့အခါ အများကြိုက်နှစ်သက်တဲ့ အကြောင်းအရာကို စည်းရုံးပြီး ကိုယ့်ဘက်ပါလာအောင် ဆွဲဆောင်နိုင်လေပဲဖြစ်ပါတယ်။
ပေါ်ပြူလစ်ဇင်ဟာ ဒီမိုကရေစီထွန်းကားတဲ့ ဒေသတွေမှာပဲ ခြေကုပ်ယူတာတော့ မဟုတ်ပါဘူး။ အမျိုးသားရေးအားကောင်းတဲ့ နိုင်ငံတွေမှာဆိုလည်း အမျိုးသားရေးကို အကြောင်းပြပြီး ပေါ်ပေါက်လာတဲ့ ပေါ်ပြူလစ်ဝါဒီတွေဟာ နိုင်ငံရေးသဘောထားချင်းမတူညီတဲ့ အုပ်စုတွေကို နိုင်ငံတော်ကို တိုက်ခိုက်သူတွေအဖြစ်နဲ့ ပုံဖော်တာ၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ရန်သူတွေအဖြစ်နဲ့ တံဆိပ်ကပ်တာတွေကို ပြုလုပ်တတ်လေ့ရှိကြပါတယ်။ အာဏာရှင်စနစ်နဲ့ အုပ်ချုပ်တဲ့ နိုင်ငံတွေမှာဆိုလည်း အုပ်ချုပ်လူတန်းစားရဲ့ အကြိုက်နဲ့ ပြည်သူကို ချွေးသိပ်တဲ့ ဝါဒဖြန့်မှုတွေဟာ ပေါ်ပြူလစ်သမားတွေ ကြားထဲမှာ တွင်ကျယ်လေ့ရှိပါတယ်။
ပေါ်ပြူလစ်သမားတွေဟာ အများကြိုက်နှစ်သက်မှုရှိတဲ့ အကြောင်းအရာ ရေစီးပေါ်လိုက်ပြီးတော့ ကိုယ်ရဲ့ဩဇာလွှမ်းမိုးမှုကို ပိုချဲ့တတ်လေ့ရှိကြပြီးတော့ သူတို့တွေမှာ တိကျသေချာတဲ့ မဟာဗျူဟာတွေမရှိတတ်ကြပါဘူး။ ပေါ်ပြူလစ်သမားတွေရဲ့ မီးစင်ကြည့်ကတတ်တဲ့ ရေပေါ်ဆီဝါဒကြောင့် လူ့အဖွဲ့အစည်းရဲ့ အကျိုးစီးပွားကို ရေတိုမှာ အထောက်ပြုကောင်း ပြုနိုင်ပေမဲ့လည်း ရေရှည်အကျိုးစီးပွားမှာတော့ ပေါ်ပြူလစ်ဇင်ဟာ လူ့အဖွဲ့အစည်းကို ဘေးဖြစ်စေပါတယ်။
အထူးသဖြင့် ဆိုရှယ်မီဒီယာတွေမှာ ပေါ်ပြူလစ်ဇင်တွေ highlight လုပ်လေ့ရှိတာက သူတို့ထောက်ခံတဲ့ အယူအဆတွေကို မြန်မြန်ပျံ့စေဖို့အတွက် တိကျခိုင်လုံမှုမရှိတဲ့ သတင်းစကားတွေနဲ့ လိုအပ်သလိုပုံဖော်ပြီး ရေးသားထားတဲ့ သတင်းစကားကို အသုံးချပြီး အများပြည်သူရဲ့ အာရုံစိုက်ခံရမှုကို အဓိကဦးတည်ထားတတ်ကြပါတယ်။
လက်ရှိနိုင်ငံရေးအပြောင်းအလဲ၊ လူနေမှုစနစ်အပြောင်းအလဲတွေနဲ့ ကြုံနေရတဲ့ ကျွန်တော်တို့ နိုင်ငံမှာလည်း ပေါ်ပြူလစ်ဇင်ဟာ တော်လှန်ရေးအားကောင်းမှုနဲ့ အတူ အပြိုင်ပေါ်လာပါတယ်။ အထူးသဖြင့် တော်လှန်ရေး၊ အုပ်ချုပ်ရေးနဲ့ တိုင်းပြည်တည်ဆောက်ရေး ကဏ္ဍတွေမှာ ပေါ်ပြူလစ်ဇင်ကို အသုံးချပြီးတော့ ခုတုံးလုပ်လာတဲ့သူတွေ အများအပြားရှိခြင်းဟာ စိုးရိမ်စရာ အခြေအနေတစ်ရပ်မှာရှိပါတယ်။
ပေါ်ပြူလစ်အများစုဟာ စစ်ပွဲတွေနဲ့ နိုင်ငံဝောာ်လုံခြုံရေးကိစ္စရပ်တွေမှာလည်း သူတို့ရဲ့အခန်းကဏ္ဍ လိုအပ်ကြောင်းပြသဖို့ လိုအပ်တယ်ဆိုပြီး ကြွေးကြော်တတ်ပြီးတော့ တိုင်းပြည်တည်ဆောက်ရေးထက် အခက်အခဲအကျပ်အတည်းဖြစ်တဲ့ အချိန်အခါမျိုးကို ပိုသဘောကျလေ့ ရှိတတ်ကြပါတယ်။
ပေါ်ပြူလစ်ဝါဒဟာ သုံးတတ်ရင်ဆေးဖြစ်ပြီးတော့ မသုံးတတ်ရင်တော့ ဘေးဖြစ်တာကြောင့် ပေါ်ပြူလစ်ဝါဒကို ထိန်းကျောင်းပြီးတ ခေတ်သစ်မြန်မာပြည်တည်ဆောက်ရေးမှာ အကျိုးရှိရှိ အသုံးချတတ်ဖို့ လိုအပ်တယ်လို့ မြင်မိပါတယ်။


